ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အတွင်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသဖြင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအပါအဝင် အရပ်သား ၄ ဦး စိုးရိမ်ရဒဏ်ရာများ ရရှိခဲ့ပြီး နေအိမ် ၂ လုံးနှင့် မော်တော်ဘုတ်တစ်စီး ထိခိုက်ပျက်စီးခဲ့သည်။
ဩဂုတ်လ ၁၈ ရက်မှ ၂၁ ရက်အထိ ရွှေကူမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များကို စစ်တပ်က လေကြောင်းမှ ဆက်တိုက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဩဂုတ်လ ၁၈ ရက်တွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဆေးရုံတစ်ခု ထိခိုက်ပျက်စီးခဲ့သည်။ ထို့နောက် ဩဂုတ်လ ၂၀ ရက် ညနေ ၄ နာရီခွဲခန့်တွင် ရွှေကူမြို့၊ အမှတ် (၂) မော်လမြိုင်ရပ်ကွက်၊ ကမ်းနားဘက်ရှိ စက်လှေဆိပ်ကို ဂျက်လေယာဉ် ၂ စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုကြောင့် အရပ်သားများ ထိခိုက်ဒဏ်ရာရရှိခဲ့သလို နေအိမ်များလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။ လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် ဒေသခံအရပ်သားများအနေဖြင့် လုံခြုံရေးအတွက် စိုးရိမ်ထိတ်လန့်နေကြရသည်။


Photos: KNG
