ကွေးတိုင်း၊ ချောက်မြို့နယ်အတွင်း ဇူလိုင်လမှစတင်၍ အင်အားရာနှင့်ချီသော စစ်ကောင်စီတပ် စစ်ကြောင်းသည် လင်းတကိုင်း၊ ဆည်ကန်နှင့် သစ်လှကျေးရွာများတွင် တပ်စွဲခဲ့ပြီးနောက် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများကို ဆက်တိုက်ဝင်ရောက်စီးနင်း၍ ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။
ဩဂုတ်လ ၂ ရက်နေ့တွင် ကတိုင်တောင်ကျေးရွာအား မီးရှို့ဖျက်ဆီးခဲ့ပြီး၊ ဩဂုတ်လ ၃ ရက်နေ့တွင် နရွဲတောကျေးရွာသို့ သေနတ်ပစ်ဖောက်ဝင်ရောက်ကာ တပ်စွဲပြီး နေအိမ်များကို မီးရှို့ခဲ့သည်။ ထိုသို့ မီးရှို့မှုများကြောင့် ဩဂုတ်လ ၅ ရက်နေ့တွင် နရွဲတောကျေးရွာသည် ရွာလုံးကျွတ်နီးပါး မီးလောင်ပျက်စီးခဲ့သည်။ ထို့အပြင် ယင်းနေ့တွင်ပင် ရွာမကျေးရွာအတွင်းသို့ ဆက်လက်ဝင်ရောက်၍ ပြည်သူပိုင်နေအိမ်များကို နေရာငါးနေရာခွဲကာ မီးရှို့ဖျက်ဆီးခဲ့သည်။
ချောင်ဦးကျေးရွာအတွင်း စီးနင်းမှုအတွင်း စစ်တပ်သည် ထွက်ပြေးသည့် ဒေသခံများအား သေနတ်ဖြင့် လိုက်လံပစ်ခတ်ဖမ်းဆီးခဲ့ပြီး၊ ကျေးရွာဘောလုံးကွင်းတွင် ဒူးထောက်ခိုင်းကာ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့သည်။ ထို့အပြင် ဆူးတောကျေးရွာအနီးရှိ စစ်ဘေးရှောင်ပြည်သူများ ခိုလှုံနေသည့်နေရာများကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ရှောင်ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ဒေသခံများ၏ ပြောကြားချက်အရ အဆိုပါ စစ်ကြောင်းသည် စီးနင်းမှုများအတွင်း အရပ်သားပြည်သူ ၂ ဦးအား ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း သိရသည်။ အဆိုပါ စစ်ဆင်ရေးများကြောင့် နရွဲတော၊ ရွာမ၊ ဆူးတော၊ ကတိုင်တောင်၊ ချောင်ဦးနှင့် ကံသစ်ကုန်းအပါအဝင် ကျေးရွာများရှိ ပြည်သူပိုင်နေအိမ်များ မီးလောင်ပျက်စီးခဲ့ပြီး၊ ကျေးရွာ ၁၀ ရွာကျော်မှ ဒေသခံပြည်သူ ထောင်နှင့်ချီသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။



