လေလာမြောင်ကျေးရွာအား လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ ဦးအပါအဝင် အရပ်သား ၈ ဦးသေဆုံး၊ ဘုရားကျောင်းထိခိုက်ပျက်စီး

BHRW

ဖြစ်စဉ်ရက်စွဲ – ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်
ဖြစ်ပွားရာနေရာ – ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ပဲခူးရိုးမအတွင်းရှိ လေလာမြောင်ကျေးရွာ

၂၀၂၆ ခုနှစ် ဇူလိုင်လ ၂၅ ရက် နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ပဲခူးရိုးမအတွင်းရှိ လေလာမြောင်ကျေးရွာကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားနေခြင်းမရှိသည့် အခြေအနေတွင် လေကြောင်းမှ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီတပ်သည် K-8W အမျိုးအစား တိုက်လေယာဉ်ဖြင့် ပေါင် ၂၅၀ ဗုံးသီး ၂ လုံး ကြဲချခဲ့ပြီးနောက် စက်လက်သေနတ်ဖြင့် ၁၀ ချက်ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ယင်းတိုက်ခိုက်မှုကြောင့် မိသားစု ၂ စုမှ အသက် ၇ နှစ်နှင့် ၈ နှစ်အရွယ် ကလေးငယ် ၂ ဦးအပါအဝင် အရပ်သား ၈ ဦး သေဆုံးခဲ့သည်။

သေဆုံးသူများမှာ –

  • ဦးဇော်ဝမ်း (အသက် ၅၂ နှစ်)
  • အက်သည် (အသက် ၄၁ နှစ်)
  • နော်စစ် (အသက် ၁၈ နှစ်)
  • သားစစ် (အသက် ၁၃ နှစ်)
  • နော်ဒါး (အသက် ၈ နှစ်)
  • ဦးထီးစေး (အသက် ၃၈ နှစ်)
  • ဒေါ်သန်းညွန့် (အသက် ၂၇ နှစ်)
  • ဘွယ်နိုစေး (အသက် ၇ နှစ်) တို့ဖြစ်သည်။

ထို့အပြင် ကျေးရွာအတွင်းရှိ မယ်တော်ဂူဘုရားကျောင်းသည်လည်း လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည်။

ညနေ ၄ နာရီ ၃၈ မိနစ်နှင့် ၄ နာရီ ၅၀ မိနစ်ဝန်းကျင်တွင်လည်း စစ်ကောင်စီတပ်သည် ရေတာရှည်မြို့နယ် စကွေးကျေးရွာဘက်နှင့် ဆွာတမံအနီးဝန်းကျင်တို့ကို လေကြောင်းမှ အနည်းဆုံး ၄ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

လေလာမြောင်ကျေးရွာအား လေကြောင်းတိုက်ခိုက်မှုသည် တိုက်ပွဲဖြစ်ပွားနေခြင်းမရှိသည့် အရပ်သားနေထိုင်ရာ ကျေးရွာကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်များက ဖော်ပြထားသည်။ တိုက်ခိုက်မှုကြောင့် ကလေးငယ်များအပါအဝင် အရပ်သားများ သေဆုံးခဲ့သည့်အပြင် ဘာသာရေးအဆောက်အအုံတစ်ခုလည်း ထိခိုက်ပျက်စီးခဲ့ရာ အရပ်သားများနှင့် အရပ်သားအဆောက်အအုံများအား ကာကွယ်စောင့်ရှောက်ရမည့် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေ (International Humanitarian Law – IHL) နှင့် သက်ဆိုင်သော စိုးရိမ်ဖွယ်ရာ အခြေအနေတစ်ရပ်အဖြစ် မှတ်တမ်းတင်ရမည်ဖြစ်သည်။ ဖြစ်စဉ်အသေးစိတ်နှင့် တာဝန်ရှိသူများအား ဖော်ထုတ်နိုင်ရေးအတွက် လွတ်လပ်ပြီး ဘက်မလိုက်သော စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်ရန် လိုအပ်သည်။

Photos: crd

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top