ကျောက်တော်မြို့ အိန္ဒိယဈေးနှင့် ကစ္ဆပနဒီတံတားအနီး လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၃၃ ဦး သေဆုံး၊ ၃၆ ဦး ဒဏ်ရာရ

ကျောက်တော်မြို့ အိန္ဒိယဈေးနှင့် ကစ္ဆပနဒီတံတားအနီး လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၃၃ ဦး သေဆုံး၊ ၃၆ ဦး ဒဏ်ရာရ

ရခိုင်ပြည်၊ ကျောက်တော် — စက်တင်ဘာ ၂၈, ၂၀၂၆

BHRW’s Facebook page: click here

ရခိုင်ပြည်၊ ကျောက်တော်မြို့၊ ပိုက်သည်ရပ်ကွက်ရှိ လူစည်ကားသည့် အိန္ဒိယဈေးနှင့် ကစ္ဆပနဒီတံတားအနီးကို စက်တင်ဘာ ၂၈ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်တွင် ဂျက်တိုက်လေယာဉ်ဖြင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ အရပ်သား ၃၃ ဦး သေဆုံးပြီး ၃၆ ဦးအထိ ဒဏ်ရာရရှိခဲ့သည်။

အာရက္ခတပ်တော် (AA) ၏ နောက်ဆက်တွဲထုတ်ပြန်ချက်အရ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၃၃ ဦး သေဆုံးပြီး ၃၆ ဦး ဒဏ်ရာရရှိခဲ့ကာ မီးလောင်ပျက်စီးနေသည့် နေရာများအတွင်း အလောင်းများ ရှိနေသေးသဖြင့် သေဆုံးသူအရေအတွက် ထပ်မံတိုးလာနိုင်ကြောင်း ဖော်ပြထားပါသည်။

စစ်ဘေးရှောင်အရေး ကူညီပေးနေသူ ကိုဝေဟင်အောင်၏ ပြောကြားချက်အရ ဂျက်တိုက်လေယာဉ်တစ်စီးက ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချခဲ့ကြောင်းသိရှိရသည်။​

လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားချိန်မှာ နေ့လယ်ပိုင်းဖြစ်သည့်အတွက် အိန္ဒိယဈေးတွင် ဈေးရောင်းဈေးဝယ်သူများနှင့် လမ်းသွားလမ်းလာများ စည်ကားနေသည့်အချိန်နှင့် တိုက်ဆိုင်ခဲ့သည်။ အိန္ဒိယဈေးသသည် ကျောက်တော်မြို့နယ်အတွင်းရှိ ဒေသခံများသာမက အနီးအနားမြို့နယ်များမှ ပြည်သူများပါ လာရောက်ဈေးရောင်းဈေးဝယ်ကြသည့် အဓိကဈေးတစ်ခုဖြစ်ကြောင်း သိရသည်။

ငပလီမြို့တွင်လည်း လေကြောင်းတိုက်ခိုက်မှုဖြစ်ပွား

အလားတူ စက်တင်ဘာ ၂၈ ရက် နေ့လယ် ၁၂ နာရီ ၃၅ မိနစ်ခန့်တွင် သံတွဲမြို့နယ်၊ ငပလီမြို့ကိုလည်း ဂျက်တိုက်လေယာဉ်တစ်စီးဖြင့် ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။

ယခင်ရက်များအတွင်း ထိခိုက်ပျက်စီးမှု

AA ၏ ထုတ်ပြန်ချက်အရ စက်တင်ဘာ ၁၇ ရက်မှ ၂၇ ရက်အထိ ၁၁ ရက်အတွင်း စစ်ကောင်စီတပ်၏ လေကြောင်းနှင့် လက်နက်ကြီးတိုက်ခိုက်မှုများကြောင့် အရပ်သား ၂၂ ဦး သေဆုံး သို့မဟုတ် ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ် ၅၅ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။

ကျောက်တော်မြို့သည် အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ရခိုင်ပြည်အတွင်းရှိ မြို့များအနက် တစ်မြို့ဖြစ်ပြီး ရခိုင်ဒေသအတွင်း လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောဆိုထားသည်။

မှတ်ချက် — အထက်ပါ သေဆုံး၊ ဒဏ်ရာရရှိသူအရေအတွက်များ မြေပြင်မှာ ပိုများနိုင်ပါသည်။​

Photos: crd

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top