မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် အာဏာသိမ်းစစ်တပ်က အရပ်သားပြည်သူ ၁၂ ဦးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့မှုအပေါ် သဘောထားထုတ်ပြန်ချက်

မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်အတွင်း အာဏာသိမ်း စစ်တပ်၏ စစ်ကြောင်းက အရပ်သားပြည်သူ ၁၂ ဦးအား ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့မှုအပေါ် ပြင်းထန်စွာ ရှုတ်ချကြောင်းနှင့် နိုင်ငံတကာတရားစီရင်ရေးယန္တရားဖြစ်သောICC မှ အမြန်ဆုံး အရေးယူဆောင်ရွက်ရန်  “လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ – Burma”မှ ထုတ်ပြန်အပ်ပါသည်။

၂၀၂၃ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့တွင် မြိုင်မြို့နယ်၊ စက်မှု (၂) မှ ဝဲတူးဘက်သို့ ထွက်ခွာလာသည့် အာဏာသိမ်းစစ်တပ်၏ စစ်ကြောင်းသည် နံနက် ၅ နာရီ ၃၀ မိနစ်ခန့်တွင် ဂွေးကုန်းကျေးရွာအရှေ့ဘက်သို့ ရောက်ရှိခဲ့ပြီး ဂွေးကုန်းကျေးရွာမှ ပြည်သူ ၉ ဦး၊ မကျီးကုန်းကျေးရွာမှ ပြည်သူ ၁ ဦး၊ သံချောင်းကျေးရွာမှ ပြည်သူ ၁ ဦးနှင့် မကျည်းကန် ကျေးရွာမှ ပြည်သူ ၁ ဦး၊ စုစုပေါင်း အရပ်သားပြည်သူ ၁၂ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

ဖမ်းဆီးခေါ်ဆောင်သွားခံရသူများ၏ ရုပ်အလောင်းများကို ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်နေ့တွင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ယင်းဖြစ်စဉ်သည် အရပ်သားပြည်သူများ၏ အသက်ရှင်သန်ခွင့်၊ လုံခြုံခွင့်နှင့် လူ့ဂုဏ်သိက္ခာကို ပြင်းထန်စွာ ချိုးဖောက်လိုက်ခြင်းဖြစ်ပါသည်။​

အရပ်သားပြည်သူများကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် ဥပဒေနှင့်အညီ တရားစီရင်ခြင်းမရှိဘဲ သတ်ဖြတ်ခြင်း သည် နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ ဥပဒေများ၏ အခြေခံမူ များကို ပြင်းထန်စွာ ချိုးဖောက်နိုင်သည့် လုပ်ရပ်ဖြစ်သည်။ အထူးသဖြင့် လက်နက်ကိုင်ပဋိပက္ခအတွင်း အရပ်သား များကို ကာကွယ်ပေးရမည့် အခြေခံမူများကို လျစ်လျူရှုခြင်းသည် အရပ်သားပြည်သူများအပေါ် ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက်မှု လုပ်ဆောင်လိုက်ခြင်းဖြစ်သည်။​

အရပ်သားပြည်သူ ၁၂ ဦး သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ လွတ်လပ်သော၊ ဘက်မလိုက်သော၊ ယုံကြည်စိတ်ချရသည့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန်နှင့် ဖြစ်စဉ်တွင် တာဝန်ရှိသူများကို ဖော်ထုတ်ကာ တရားဥပဒေနှင့်အညီ တာဝန်ခံစေရန် တောင်းဆိုပါသည်။

၁။ အရပ်သားပြည်သူ ၁၂ ဦး သတ်ဖြတ်ခံရမှုကို လွတ်လပ်၍ ဘက်မလိုက်သော စုံစမ်းစစ်ဆေးမှု ပြုလုပ်ပြီး ဖြစ်စဉ်အမှန် ဖော်ထုတ်ပေးရန်။

၂။ အရပ်သားပြည်သူများကို ဖမ်းဆီးခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းနှင့် အခြားသော လူ့အခွင့်အရေးချိုးဖောက်မှုများကို ချက်ချင်းရပ်တန့်ရန်။

၃။ လက်နက်ကိုင်ပဋိပက္ခအတွင်း အရပ်သားပြည်သူများ၏ အသက်၊ လုံခြုံရေးနှင့် လူ့ဂုဏ်သိက္ခာကို ကာကွယ်ရန် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေများကို လေးစားလိုက်နာရန်။

၄။ သေဆုံးသူများ၏ မိသားစုဝင်များအတွက် အမှန်တရား၊ တရားမျှတမှုနှင့် ထိရောက်သော ကုစားမှုများ ရရှိနိုင်ရန်။​

၅။ လူသားမျိုးနွယ်အပေါ် ပြင်းထန်သော လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်နေသည့် အာဏာသိမ်းစစ်တပ်နှင့် တာဝန်ရှိသူများကို နိုင်ငံတကာတရားစီရင်ရေးယန္တရားဖြစ်သော ICC မှ အမြန်ဆုံး အရေးယူဆောင်ရွက်ရန် BHRW မှ သဘောထားထုတ်ပြန်လိုက်ပါသည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top