Kachin May 9, 2026
၂၀၂၆ ခုနှစ်၊ မေလ ၈ ရက်နေ့ – ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ကုဋေကျေးရွာတွင် စစ်ကော်မရှင်တပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ရာ ဆီပန့်ဆိုင်အနီး ကျရောက်ပေါက်ကွဲပြီး လူထိခိုက်မှုများနှင့် မီးလောင်ပျက်စီးမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မြေပြင်အခြေအနေအရ ဆင်ဖြူတော်စက်သုံးဆီပန့်ဆိုင်အနီး ဗုံးကျရောက်ပေါက်ကွဲခဲ့ပြီး အနီးပတ်ဝန်းကျင်ရှိ ဈေးဆိုင်တန်းများ မီးလောင်ပျက်စီးခဲ့သည်။ BHRW မှတ်တမ်းများအရ ကလေးတစ်ဦးသေဆုံးပြီး အမျိုးသားနှစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် ယနေ့နံနက်ပိုင်းတွင်လည်း ကုဋေကျေးရွာနှင့် မလောင်ကျေးရွာကြားရှိ မြန်မာစည်သူကုမ္ပဏီလုပ်ကွက်ဟောင်းအား Y-8 အမျိုးအစားလေယာဉ်ဖြင့် နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လူထိခိုက်မှုများရှိကြောင်း ဒေသခံများက ပြောသည်။
ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စုတွင် မေလ ၄ ရက်နေ့မှစတင်ကာ စစ်ရေးတင်းမာမှုများ ဆက်လက်ဖြစ်ပွားနေပြီး လက်နက်ကြီးကျရောက်ပေါက်ကွဲမှုများနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားထိခိုက်သေဆုံးမှုများ၊ နေအိမ်နှင့် အဆောက်အဦးပျက်စီးမှုများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။



